Uncategorized

”If your business is not on the internet, then your business will be out of business.”

ယဉ်ကျေးမှုအရင်းအနှီး ဘီလီယံနာတစ်ဦးအဖြစ်သိထားကြသော ဘီလ်ဂိတ်က ”If your business is not on the internet, then your business will be out of business.” ဟူ၍ စီးပွားရေးနှင့်စပ်လျဉ်းသော သူ့ယူဆချက်ကိုဖွင့်ဟဖူးသည်။ ထိုစကားရပ်သည်ယင်း၏စီးပွားရေးလုပ်ငန်းနှင့်ဆက်နွှယ်ပြောသောစကားဟုယူဆနိုင်သော်လည်း လက်တွေ့တွင် လည်း ကမ္ဘာ့နိုင်ငံအသီးသီးမှရှိရှိသမျစီးပွားရေးလုပ်ငန်းကြီးငယ်မဟူ IT ၊ သို့မဟုတ် Internet ကို အသုံးချနိုင်မှု မည်မျအားကောင်းသည်ဆိုသော အချက်ကဖြည့်အားတစ်ရပ်သဖွယ် လုပ်ငန်း၏အောင်မြင်မှုကို ပုံဖော်ပေးနိုင် သည့်သဘောအား လက်ခံကြရမည်သာဖြစ်သည်။ တစ်နိုင်ငံအတွင်းဖြစ်စေ၊ နိုင်ငံအချင်းချင်းဖြစ်စေ၊ ဒေသအလိုက်ဖြစ်စေ ကမ္ဘာ့စီးပွားရေးဝန်းကျင်သည် ပြိုင်ဆိုင်မှုလေပြင်များ တိုက်ခတ်လာနေသည်မှာ တစ်စတစ်စပြင်းအားဖြင့်လာနေပြီဟု ညွှန်းဆိုနိုင်သည်။ ထိုသို့ဖြင့် ကမ္ဘာ့စီးပွားရေး၌ Globalization သဘောတရားများက ပို၍ပို၍ ထင်ရှားလွှမ်းမိုးလာခြင်း၊ Multinational Trading များဖြင့် ကမ္ဘာ့စျေးကွက်တစ်ခွင်တစ်ပြင်တွင် သက်ဝင်လှုပ်ရှားလျက်ရှိခြင်း၊Regional Organization များက ဒေသအလိုက်ပူးပေါင်းအားဖြင့် ရှေ့တန်းသို့ ရောက်လာနေခြင်း၊ Dynamic Changing သည် ယနေ့ ကမ္ဘာ့စီးပွားရေးရာသီဥတုခန့်မှန်းခြေ ဖြစ်လျက်ရှိခြင်းစသည့် လှုပ်လှုပ်ရှားရှား ပြိုင်ဆိုင်နိုင်လွန်းသည့် စီးပွားရေးရာသီခွင်အတွင်း လေဒဏ်မိုးဒဏ်ခံနိုင်စွမ်းရှိပါမှ မယိမ်းမယိုင် ရှင်သန်ရပ်တည်နေရန် အခြေအနေကောင်းနိုင်ကြောင်းကို ခန့်မှန်းသိမြင်ကြပြီးလည်းဖြစ်ပါမည်။ culture2 ပြုပြင်ပြောင်းလဲရေးသို့ စက္ကန့်၊ မိနစ်၊ နာရီမခြားမရပ်မတန့် လည်ပတ်ကုန်လွန်နေသည့် အချိန်တို့နှင့်အတူ ‘အရာရာအားလုံးတို့သည် စဉ်ဆက်မပြတ် အမြဲတမ်းပြောင်းလဲနေကြပြီး ထိုသို့အမြဲတမ်းပြောင်းလဲနေခြင်းသည်သာ ထာဝရမပြောင်းမလဲ ဖြစ်တည်နေသည်’ ဟူသောနိယာမရှိပါသည်။ ဤသဘောဖြင့်အဖွဲ့အစည်းတိုင်း ထိုပြောင်းလဲခြင်းများနှင့်အတူ အလျင်မီမီအချိန်ကိုက်မည်မျ ပြောင်းလဲလိုက်ပါနိုင်မှု ရှိမရှိဟူသောအချက်သည် ယှဉ်ပြိုင်ဦးဆောင်နိုင်မှုကိုရစေသည့် ပဓါနအချက် ဖြစ်သည်ဟုလည်း စီးပွားရေးတိုးတက်မှုဆိုင်ရာ အယူအဆအဖြစ် ရှုမြင်လာကြသည်။ စီးပွားရေးစီမံခန့်ခွဲမှုတွင် အစဉ်ပြောင်းလဲတိုးတက်နေစေရေးနှင့် စပ်လျဉ်း၍ Sustained Competitive Edge ၊ သို့မဟုတ် Sustainable Competitive Advantage ဟူသော ဝေါဟာရများရှိပါသည်။ ထိုဝေါဟာရများသည် စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ငန်းတိုးတက်အောင်မြင်ခြင်း၏နိမိတ်ပုံဖြစ်ရာ ယင်းအခြေအနေသည် အထက် ဖော်ပြပါနိယာမနှင့် ဆက်စပ်နေပါသည်။ တစ်နည်းအားဖြင့်မိမိအဖွဲ့အစည်းသည် စျေးကွက်ဝေစုပမာဏတစ်ခုဖြင့်ရပ်တည်နေသည့်တိုင် စွမ်းဆောင်ရည်မြင့်မားသော အဖွဲ့အစည်းတစ်ရပ်အနေဖြင့် အစဉ်ရှင်သန်နေနိုင်မှသာ Sustainable Competitive Advantage ကိုရယူထားနိုင်သည်ဟုဆိုနိုင်ပြီး နည်းပညာတွေဖြစ်စေ၊ လူ့စွမ်းအားအပိုင်းတွင်ဖြစ်စေ၊ အားနည်းချက်များရှိနေလျင် ရယူထားသောအခြေအနေများယုတ်လျော့ပျက်ယွင်းလာသည်ကို မုချကြုံရမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာ့စီးပွားရေးလုပ်ငန်းများသည် အကြီးစားလုပ်ငန်းများထက် အလတ်စားလုပ်ငန်းများက ပိုမိုများပြားနေရာ Sustainable Competitive Advantage ကို ရရှိနေမှသာအကြီးစားသို့ ပြောင်းလဲတိုးမြင့်လာနိုင်ပါလိမ့်မည်။ ကမ္ဘာအဝှန်း ရှိရှိသမျသောအကြီးစားလုပ်ငန်းကြီးများပင်လျင်အထက်ပါအခြေအနေကို ရယူပိုင်ဆိုင်ထားနိုင်ရန် တီထွင်ဆန်းသစ်မှုများကို စဉ်ဆက်မပြတ်တမ်း အားထုတ်ကြံဆောင်နေကြခြင်းဖြစ်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရပ်တန့်သည်နှင့် မိမိတို့ကျဆုံးနိုင်သည်ကိုနားလည်ထားကြသည်။ နီးနီးစပ်စပ် ဥပမာအဖြစ် ဖုန်းဟန်းဆက်စျေးကွက်အတွင်းရှိ Innovation ပြိုင်ပွဲကိုကြည့်၍ အားထုတ်ပြိုင်ဆိုင်မှုများ ကြီးမားခြင်းကိုတွေ့နိုင်ပေသည်။ Managing Change is about Managing Innovation ဟူသည်အတိုင်း မိမိတို့တွင် Change management မရှိဟုသုံးသပ်မိပါက အထက်ဖော်ပြပါ Competitive Advantage လည်းပျောက်ဆုံးနေသည်ဟုမှတ်ယူပြီး မိမိအဖွဲ့အစည်း၏မူဝါဒ၊ ကျင့်ထုံးကျင့်စဉ်၊ စီမံလုပ်ဆောင်ပုံသဘောသဘာဝ (Organization Culture) ကို အနုလုံပဋိလုံပြု ဆန်းစစ်သင့်ပါသည်။ ယင်းကဲ့သို့ ဆန်းစစ်ချက်တွင်ပြုပြင်ပြောင်းလဲရန်လိုအပ်ချက်ကို စေ့ဆော်တတ်သည်က မည်သည့်အကြောင်းတရားများနည်းဟူလျက်ဦးစွာစဉ်းစားလျင် နည်းပညာများ၊ စီးပွားရေးအခြေအနေများ၊ အစိုးရ၏မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများ၊ လူ့စွမ်းအားစုအခြေအနေများ၊ မျက်မှောက်ကာလ ဖြစ်စဉ်ဖြစ်ရပ်များသည် ြုပုပြင်ပြောင်းလဲရေးအတွက်မျသာမဟုတ် အဖွဲ့အစည်းတိုးတက်မှုအတွက် အစဉ်တစိုက် စောင့်ကြည့်ဆန်းစစ်နေအပ်သော အချင်းအရာများလည်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် အဖွဲ့အစည်းများနှင့် တစ်ဦးချင်းစီအနေဖြင့်လည်း ထိုအခြေအနေအရပ်ရပ်ကို ခေတ်မီသိမြင်နေစေရန် မျက်ခြည်မပြတ်သင့်သော အချက်များ ဖြစ်ကြသည်။ culture3 ယဉ်ကျေးမှုအရင်းအနှီး စီးပွားရေးအဖွဲ့အစည်းများ ကုမ္ပဏီများသာမဟုတ် မည်သည့်အဖွဲ့အစည်းဖြစ်စေ မိမိတို့အဝန်းအဝိုင်းအတွင်း၌ ပြုမူဆက်ဆံဆောင်ရွက်လုပ်ကိုင်သောမူဝါဒအလေ့အကျင့်များကို ထိုလုပ်ငန်း၏ယဉ်ကျေးမှုအဖြစ် မြင်နိုင်ပါ သည်။ စီးပွားရေးစီမံခန့်ခွဲမှုရှုထောင့်မှကြည့်လျင် Organization Culture ဟုသုံးလေ့ရှိပါသည်။ ယင်းကို 7s ဟု အတိုမှတ်ယူကြပါသည်။ 7s တွင် Strategy (မဟာဗျူဟာနည်းဗျူဟာများ)၊ Staff (ဝန်ထမ်းများလုပ်သားများ ပညာရှင်များ)၊ Skills (ကျွမ်းကျင်မှုများတတ်သိမှုများ)၊ Structure (ဖွဲ့စည်းထူထောင်မှု ပုံသဏ္ဌာန်များ)၊ System (မူဝါဒအခြေခံစနစ်များ)၊ Style (လုပ်နည်းလုပ်ဟန် သဘောသဘာဝများ) နှင့် Shared Values (အလေးပေးတန်ဖိုးထားမှုများ) စသည်တို့ စုပေါင်းပါဝင်ပါသည်။ ထိုအချက်များဖြင့်အဖွဲ့အစည်းတစ်ခု၏ Culture ကိုကြည့်လေ့ရှိပါသည်။ ထိုအချက်များသည် အဖွဲ့အစည်း တစ်ခုမည်မျတိုးတက်ပြောင်းလဲသွားနိုင်ခြေရှိသည်ကို ပြဋ္ဌာန်းသည့်အချက်ဖြစ်သည်။ ထိုသို့ဖြင့် လုပ်ငန်း၏ Culture မည်မျကောင်းသည်ဆိုသောအခြေအနေသည် ထိုလုပ်ငန်း၏ ရေခံမြေခံ ကောင်း၊ ညံ့ကိုပြနေခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ ပြုပြင်ပြောင်းလဲရေးဖြင့် တိုးတက်မှုရယူမည်ဆိုသောအခါ မိမိအဖွဲ့အစည်းတွင် မည်သို့သောလုပ်ငန်း Culture ကလွှမ်းမိုးဖြစ်တည်နေပြီးမည်သည့်အချက်များကို ပိုမိုဦးစားပေးအလေးထားပြုပြင်ရမည်ကို စိစစ်ခြင်းဖြင့် Change Management ကို အစပြုလေ့ရှိကြပေသည်။ ရေခံမြေခံကောင်းဖို့အရေးပြုပြင်ရာတွင် CREATE နည်းလမ်းကို သုံးကြသည်။ CREATE သည် Change Management အတွက်အသုံးတည့်သော နည်းလမ်းတစ်ရပ်ဖြစ်သည်။ “CREATE” ကိုသုံးရန် အနုစိတ် နည်းလမ်းမှာ- လုပ်ငန်းတွင်းရှိတန်ဖိုးကို ပြဋ္ဌာန်းသတ်မှတ်ခြင်း (Clarify Values) မိမိအဖွဲ့အစည်းတွင်တန်ဖိုးတစ်ရပ်ရှိနေသကဲ့သို့ အဖွဲ့အစည်းအတွင်းရှိ ခေါင်းဆောင်များ၌လည်း တန်ဖိုးကိုယ်စီရှိကြသည်ဖြစ်၍ ခေါင်းဆောင်နှင့်အဖွဲ့အစည်းအကြားနားလည်တန်ဖိုးထားဆက်ဆံခြင်းသည် အထူးအရေးကြီးပါသည်။ နှိမ့်ချရှုမြင်ခြင်းကြောင့်လုပ်သားများ၏ တက်ကြွနိုးကြားစွာလုပ်ဆောင်လိုစိတ်ကို ချိုးနှိမ်ထားမိမှန်း သတိမမူဖြစ်နေတတ်ပါသည်။ လုပ်ငန်းခွင်များအတွင်း တန်ဖိုးထားတတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ရည်မှန်းချက်သို့ ဦးတည်နိုင်မှုကောင်းသည့်အခြေအနေကို ပုံဖော်နိုင်ခြင်းဖြင့် အားပြည့်စွမ်းဆောင်ရည်လည်း ဖြစ်တည်လာနိုင်ပါသည်။ အတွေးအမြင်သစ်ဖြင့် ရှင်းလင်းပြတ်သားသော အနာဂတ်ပုံရိပ်ကို ရှုမြင်ခြင်း(Reinforce the vision) တစ်စုတဝေးတစ်ဖွဲ့လုံးက မိမိတို့၏ ပကတိအနေအထားနှင့် ရှေ့မျော်မှန်းချက်များအပြင် မိမိတို့တန်ဖိုးများကို ရှင်းလင်းကြည်လင်စွာမြင်သိလျက် ထိုအတွေးထိုအမြင် ထိုပကတိအရှိတို့ကအောင်မြင်မှုကို မည်သို့မည်ပုံ ဆောင်ကြဉ်းလေမည်ဟူ၍ ယုံကြည်စိတ်ရှိထားရပါမည်။ မိမိအတွေးအမြင်ကို ဝေမျှရန်မစဉ်းစားမိခြင်း၊ အတွေးအမြင်ကောင်းများကိုလက်ခံလိုစိတ်တုံ့နှေးနေခြင်းအပြင် သူ့အမြင်ကိုယ့်အတွေး၊ ကိုယ့်အမြင်သူ့အတွေးဖလှယ်ယူသည့်အခါ ၃၆၀ ဒီဂရီစက်ဝန်းပြည့်အမြင်ပွားများစေ တတ်သောယဉ်ကျေးမှု ရှင်သန်နေရန် လိုအပ်ပါသည်။ တာဝန်နှင့် လုပ်ဆောင်ခွင့်ညီမျစွာဖြင့် စွမ်းဆောင်နိုင်ရေး မြှင့်တင်ပေးခြင်း (Empower Behaviors) ပိုင်ဆိုင်တန်ဖိုးများနှင့်မျော်မှန်းချက်ကိုဟန်ချက်ညီစေပြီးတိုးတက်မှု၏အတားအဆီးများကိုဖယ်ရှားခြင်းဖြင့် တာဝန်အလျောက်ဆောင်ရွက်လုပ်ကိုင်နိုင်မှုကို ပိုမိုမြှင့်ပေးသင့်ပါသည်။ စွမ်းရည်နှင့်ထမ်းဆောင်ရမည့် ဝန်မျှ သည် မမျသည်ကတစ်ကြောင်း၊ စွမ်းဆောင်နိုင်ပါလျက် အခွင့်မဲ့နေသောကြောင့် တန်ဖိုးရှိလှသော အရည်အသွေးများ မိမိလုပ်ငန်းခွင်အတွင်းပျက်သုဉ်းသွားရခြင်းသည် ဆုံးရှုံးမှုသာမကတီထွင်ဆန်းသစ်ဖန်တီးခြင်းတို့ ကင်းမဲ့သော ယဉ်ကျေးမှုမျိုး ဖြစ်လာစေပါသည်။ အထက်နှင့်အောက် အပြန်အလှန် ဆွေးနွေးနားလည်တတ်သော မူထားခြင်း (Align conversation) ပြောတာကိုလုပ် ဟူသောခေါင်းဆောင်မှုထက် အောက်လူ၏လုပ်ချင်စိတ်ကို ဦးစားပေးစဉ်းစားသော ကျင့်စဉ်ကာလများသို့ရောက်ရှိလာချိန်တွင် Listening skill ကိုဦးဆောင်မှု၌ ပိုမိုမွေးမြူခြင်းဖြင့်အဖွဲ့အစည်း၏ ရွေ့လျားအားကောင်းစေသည့်အပြင် လွဲမှားသောအသိကို ဖယ်ရှားနိုင်မှုဖြင့် ပူးပေါင်းပါဝင်မှုအရှိန်အဟုန် မြင့်မားလာစေနိုင်ပါသည်။ ရည်မှန်းချက်သို့ အစဉ်ဦးတည်လုပ်ဆောင်တတ်ခြင်း (Target Effort) အကျိုးသက်ရောက်မှုနှင့် အကျိုးရှိမှု (Effectiveness & Efficiency) ရှိမှသာမှန်ကန်သောစီမံခန့်ခွဲမှုဖြစ်သကဲ့သို့ ရလဒ်ကောင်းရစေနိုင်သော စီမံခန့်ခွဲမှုလည်းဖြစ်ပါသည်။ ထိုအစီအမံမှသည် ရည်မှန်းချက်ကို ချဉ်းကပ်သွားလေ့ရှိသော စီမံခန့်ခွဲမှုများသာဖြစ်လာစေရန် ဦးတည်လားရာ လမ်းကြောင်းပေါ်၌အစဉ်ရှိနေရန် ဆောင်ရွက်သောသဘောကို အလေ့ထုံနေစေရေးဖြစ်ပါသည်။ culture4 အောင်မြင်ရေးကိုရှေးရှုနေခြင်း (Emphasize Success) တိုးတက်ပြုပြင်ပြောင်းလဲနေစေရန်သည် တီထွင်ကြံဆမှုရှိမှသာဖြစ်တည်စေနိုင်ပြီး တီထွင်ကြံဆလုပ်ကိုင်လိုစိတ်ကို မှေးမှိန်မသွားစေရန်နှင့် ပိုမိုကျယ်ပြန့်ကူးစက်သွားစေရန်အတွက် Innovation ကို အသိအမှတ်ပြုခြင်း နှင့် ချီးမြှင့်ဂုဏ်ပြုမှုကို တစ်ထပ်တည်းကျလုပ်ဆောင်တတ်သော အဖွဲ့အစည်းဖြစ်နေပါလျင် အသစ်အသစ်သော တီထွင်မှုများဖြင့် ဦးဆောင်အဖွဲ့အစည်းဖြစ်လာနိုင်စေပါသည်။ ထို့ကြောင့် အထက်ပါ အချက်ခြောက်ချက် ဖြစ်သော C-Clarify Values ၊ R-Reinforce the Vision ၊ E-Empower Behaviors ၊ A-Align Conversation ၊ T-Target Effort ၊ E-Emphasize Success (CREATE) ဖြင့် ကုမ္ပဏီ၊ သို့မဟုတ် အဖွဲ့အစည်းအတွင်း ယဉ်ကျေးမှုဟုဆိုအပ်သော Organizational Culture ကို ထူထောင်ခြင်းဖြင့် ပြုပြင်ပြောင်းလဲရေးအရှိန်အဟုန်မြှင့်လျက် ငွေကြေးအရင်းအနှီး၊ လူ့စွမ်းအားစုအရင်းအနှီး၊ နည်းပညာအရင်းအနှီးတို့ကို သိမြင်တန်ဖိုးထားစဉ်းစားဆောင်ရွက်ကြသည့်နည်းတူ တန်ဖိုးကြီးလှပြီး အသေအချာအာရုံပြုမှ ပိုမိုမြင်သာသော Culture Capital ဟုခေါ်အပ်သော ယဉ်ကျေးမှုအရင်းအနှီးကို တန်ဖိုးသတ်မှတ် ရင်းနှီးမြှုပ်နှံခြင်းဖြင့်ယှဉ်ပြိုင်စွမ်းအားမြင့်မားသော ကုမ္ပဏီများအဖြစ် ၂၀၁၅ ခုနှစ် အာဆီယံဒေသတွင်း စျေးကွက်ကြီးတွင် ရှေ့ဆောင်နိုင်သူများဖြစ်လာမည့်အရေး မျှော်တွေးမိပေတော့သည်။
M ကျော်ဝင်း

Leave a Reply