Uncategorized

Personal Branding

တည်ဆောက်ကြမယ် Personal Branding ကွယ် Personal Branding ဆိုတာဘာလဲ? Brand လို့ပြောရင် လူအတော်များများက ကုန်ပစ္စည်းအတွက်လို့သာ မြင်မိကြမှာပါ။ Personal Branding ဆိုတာလည်း လူတစ်ယောက်ရဲ့အမှတ်တံဆိပ်တစ်ခုပါပဲ။ တစ်နည်းအားဖြင့် ကုမ္ပဏီ brand လိုပဲ ဘယ်အမှတ်တံဆိပ်ဆိုရင် ဘယ်လိုမြင်သလဲဆိုသလိုပါပဲ။ ဥပမာ – Apple, Facebook, Nike, Mercedes စတဲ့ အမှတ်တံဆိပ်တွေကို လူတွေရဲ့အမြင်မှာ အရည်အသွေးကောင်းမွန်မှု၊ လူသိများမှုလို့တွဲမြင်လေ့ ရှိကြပါတယ်။ လူတိုင်းမှာလည်း ကိုယ်ပိုင် Personal Brand ဆိုတာရှိပါတယ်။ ကမ္ဘာပေါ်မှာဆိုရင် စတီဗ်ဂျော့၊ ဂနီ္ဒ၊ မာသာထရီဇာ တို့လိုနာမည်ကျော်ကြားတဲ့သူတွေဆိုတာ သူတို့ရဲ့ Personal Brand ကို ကောင်းကောင်းတည်ဆောက်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ Personal Branding ဘာကြောင့်လိုအပ်သလဲ? လူတိုင်း Personal Brand တည်ဆောက်သင့်ပါတယ်။ လူတစ်ယောက်စီမှာလည်း အမှတ်တံဆိပ် ကောင်းတစ်ခုကိုတည်ဆောက်ထားနိုင်ရင် ကိုယ့်အောင်မြင်မှုအတွက် အများကြီးအထောက် အကူဖြစ်စေနိုင်ပါတယ်။ လုပ်ငန်းခွင်မှာလည်း ကိုယ့်ရဲ့ Personal Brand က အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က Personal Brand ကို ကောင်းကောင်းတည်ဆောက်ထားမယ်ဆိုရင် အများကလက်ခံယုံကြည်ရတဲ့သူ တစ်ယောက်ဖြစ်လာရင် ကိုယ့်ရဲ့ career အောင်မြင်မှုအတွက် အထောက်အကူဖြစ်စေပါတယ်။ ဥပမာ – အလားအလာရှိတဲ့လုပ်ငန်းတာဝန်ပေးအပ်ခံရခြင်း၊ ရာထူးတိုးပေးခြင်း၊ နိုင်ငံခြားသင်တန်းများစေလွှတ်ခံရခြင်း စတဲ့ အခွင့်အရေးတွေရောက်လာတဲ့အခါ ကိုယ်ကဦးစားပေးထည့်သွင်းစဉ်းစားခံရတဲ့သူတစ်ယောက် ဖြစ်လာမှာပါ။ ဒါကြောင့် စာဖတ်သူများလည်း ကိုယ့်ရဲ့ Personal Brand ကိုဘယ်လိုပုံစံမျိုးဖြစ်ချင်သလဲဆိုတာပေါ်မူတည်ပြီး အကောင်းဆုံး တည်ဆောက်နိုင်ပါတယ်။ Personal Branding ဘယ်လိုတည်ဆောက်မလဲ? (၁) ကိုယ့်ရဲ့ Personal Brand ကဘာလဲ။ Personal Brand မတည်ဆောက်ခင်မှာ အရင်ဆုံးလုပ်ဆောင်ရမှာက ကိုယ့်ကိုအခြားသူတွေရဲ့အမြင်မှာ ဘယ်လိုမြင်စေချင်သလဲဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကိုအရင်ဆုံးမေးသင့်ပါတယ်။ ဥပမာ – ကိုယ်က sales သမားတစ်ယောက်ဆိုရင် ပြောဆိုဆက်ဆံမှုကောင်းသော၊ negotitation ကောင်းသောသူတစ်ယောက် အနေနဲ့ မြင်စေချင်သလား (သို့မဟုတ်) ကိုယ့်လုပ်ဖော်ကိုင်ဖက်၊ လုပ်ငန်းခွင်ပြင်ပကလူအများရဲ့အမြင်မှာ ဘယ်လိုလူတစ်ယောက်အနေနဲ့သိရှိစေလိုသလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိရှိအောင် လုပ်ဆောင်သင့် ပါတယ်။ ဘယ်လို Personal Brand ကိုပဲတည်ဆောက်ပါစေ ကိုယ့်ရဲ့စစ်မှန်မှုကိုဖော်ပြတဲ့ပုံစံသာ ဖြစ်သင့်ပါတယ်။ လူအများအထင်ကြီးအောင် ကိုယ်မလုပ်နိုင်တဲ့ ဟန်ဆောင်ပြီးလုပ်ဆောင်တာမျိုး ဆိုရင်တော့ ရေရှည်ခံတဲ့ Brand တစ်ခုဖြစ်မှာမဟုတ်ပါဘူး။ (၂) မြင်သာအောင်နေပါ။ ကိုယ်က ကိုယ့်ရဲ့ Personal Brand ကိုတည်ဆောက်ချင်တယ်ဆိုရင် ကိုယ့်အလုပ်ခုံနောက်မှာပဲနေလို့ မရပါဘူး။ လုပ်ငန်းခွင်အတွင်းမှာဆိုရင် ဌာနအသီးသီးမှာရှိတဲ့သူတွေနဲ့သိကျွမ်းအောင်လုပ်သင့်ပါတယ်။ ရာထူးငယ်တဲ့ဝန်ထမ်းဆိုရင် မိမိရဲ့အထက်လူကြီး၊ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ယုံကြည်လက်ခံတဲ့ သူတစ်ယောက်ဖြစ်အောင်လုပ်ဆောင်ရမှာဖြစ်သလို ရာထူးကြီးတဲ့သူဆိုရင်လည်း ကိုယ့်လက်အောက်ငယ် သား၊ အဖွဲ့အစည်းအတွင်းရှိအခြားဝန်ထမ်းများ၊ မိမိနဲ့ရာထူးတူလုပ်ဖော်ကိုင်ဖက်များ နဲ့ အထက်လူကြီး များရဲ့ အသိအမှတ်ပြုမှု၊ ယုံကြည်အားကိုးထိုက်သူ၊ ခေါင်းဆောင်ကောင်းတစ်ယောက် အနေနဲ့ ကိုယ့်ရဲ့ Personal Brand ကိုတည်ဆောက်သင့်ပါတယ်။ (၃) ကိုယ့်ရဲ့ Value Proposition ကိုတည်ဆောက်ပါ။ ကုမ္ပဏီတိုင်းမှာ သူတို့ brand ရဲ့ value proposition ဆိုတဲ့ သူရဲ့ product (သို့မဟုတ်) service ကိုဘာကြောင့်ဝယ်သင့်သလဲ သုံးသင့်သလဲဆိုတာရှိသလိုပဲ လူတစ်ယောက်ရဲ့ Personal Brand မှာလည်း ကိုယ်ကလူတစ်ယောက်အနေနဲ့ အခြားသူများနဲ့ဘယ်လိုကွဲပြားခြားနားသလဲ၊ အခြားသူများကကိုယ့်ကို ဘယ်လိုမှတ်မိစေမလဲ စသည်ဖြင့်လုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ ဥပမာ – အလုပ်အင်တာဗျူးမှာ (သို့မဟုတ်) လုပ်ငန်းခွင်အတွင်း ရာထူးတိုးပေးဖို့အတွက်စဉ်းစားတဲ့အခါ ဘာကြောင့်ကိုယ့်ကိုရွေးချယ်သင့်သလဲ ဆိုတဲ့မေးခွန်းကိုဖြေဆိုရတဲ့အဖြေလိုပဲ အခြားသူတွေကြားထဲမှာ Brand တစ်ခုအနေနဲ့ဘယ်လိုရပ်တည်မလဲ ဆိုတာကို စဉ်းစားသုံးသပ်ပြီးတည်ဆောက်ယူပါ။ (၄) သင့်တော်တဲ့ Social Platform တွေကိုရွေးချယ်ပါ။ ခုခေတ်မှာ Social Networking (Facebook, LinkedIn, Twitter etc.) ဆိုဒ်တွေအများအပြားရှိလာပါပီ။ မြန်မာနိုင်ငံမှာဆိုရင်လည်း အများဆုံးအသုံးပြုကျတာ Facebook နဲ့ LinkedIn ပါ။ Personal brand တည်ဆောက်ချင်သူတစ်ယောက်အနေနဲ့ ဘယ် social platform ကိုရွေးချယ်အသုံးပြုမလဲ ဘယ်လိုအသုံးချမလဲဆိုတာ အရေးပါပါတယ်။ platform တစ်ခုချင်းစီတိုင်းမှာမတူညီတဲ့အကျိုးရလဒ်တွေ ရှိပါတယ်။ ဘယ် platform ကိုပဲသုံးသုံးကိုယ့်ရဲ့ personal brand နဲ့ပတ်သက်တဲ့ပုံရိပ်ကတစ်သမတ်တည်း ဖြစ်နေဖို့အရေးကြီးပါတယ်။ ကိုယ့်ကနယ်ပယ်တစ်ခုမှာကျွမ်းကျင်သူတစ်ယောက်အနေနဲ့ branding ကိုတည်ဆောက်ချင်သူဆိုရင် Facebook platform မျိုးမှာ ကိုယ်ကျွမ်းကျင်တဲ့အကြောင်းအရာများကို တင်ပြခြင်း၊ ကိုယ်နဲ့သက်ဆိုင်တဲ့နယ်ပယ်ဆိုင်ရာ group တွေမှာဝင်ရောက်ဆွေးနွေးတာမျိုးလုပ်ဆောင်နိုင် ပါတယ်။ (၅) Networking လုပ်ဆောင်ပါ။ Personal brand တည်ဆောက်ချင်သူတစ်ယောက်အတွက် social media မှာရော ပြင်ပလောကမှာပါ Networking လုပ်ဆောင်ဖို့ကအရမ်းကိုအရေးကြီးပါတယ်။ ကိုယ့်နယ်ပယ်နဲ့သက်ဆိုင်တဲ့ conference ဟောပြောတွေတက်ရောက်ခြင်း၊ အသင်းအဖွဲ့များတွင်ပါဝင်ခြင်း၊ networking event များတက်ရောက်ခြင်း စသည်ဖြင့် သက်ဆိုင်ရာနယ်ပယ်က အခြားသူများနဲ့မိတ်ဆွေဖွဲ့လုပ်ဆောင်သင့်ပါတယ်။ LinkedIn လို professional ဆိုဒ်မျိုးမှာလည်း သက်ဆိုင်ရာနယ်ပယ်ကလူတွေနဲ့မိတ်ဆွေဖွဲ့နိုင်ပါတယ်။ Personal Brand တည်ဆောက်ခြင်းဟာ သစ်ပင်တစ်ပင်စိုက်သလိုပါပဲ။ ကိုယ်ဆွတ်ခူးချင်တဲ့အသီး (သို့မဟုတ်) အပွင့်ပေါ်မူတည်ပြီး ဘယ်လိုရာသီဥတုမှာ ဘယ်အပင်ကိုစိုက်မလဲဆိုတာရွေးချယ်ရသလို ကိုယ့်ရဲ့ Personal Brand ကိုလည်း လူအများရဲ့အမြင်မှာဘယ်လိုပုံစံနဲ့ဖြစ်စေချင်သလဲဆိုတာ ပေါ်မူတည်ပြီး အချိန်ယူတည်ဆောက်ယူရမှာပဲဖြစ်ပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ ရေရှည်ခံတဲ့ Brand တစ်ခုအနေနဲ့ရပ်တည်ဖို့အတွက် မိမိရဲ့ပင်ကိုယ်မူလပုံစံပေါ်မှာမူူတည်ပြီး ထုဆစ်ပုံဖော်ရင် ကောင်းမွန်ပြည့်စုံတဲ့ Personal Brand တစ်ခုကိုပိုင်ဆိုင်ရမှာပါ။ စာဖတ်သူတို့ရောဘယ်လို Personal Brand ကိုတည်ဆောက်ချင်ပါသလဲ? Credit: #Laura_Cho Career Coach

Leave a Reply