Uncategorized

Starting Your Own Business

ကိုယ်ပိုင် စီးပွားရေး လုပ်ဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမယ့် စိတ်ဖိစီးမှုများစွာလဲ ကြုံတွေ့လာနိုင်ပါတယ်။ကိုယ်ပို်င်လုပ်ငန်းတစ်ခု စတင်ဖို့ နည်းလမ်းပေါင်းစုံ ရှိတဲ့အနက် အခြေခံအကျဆုံး လိုအပ်ချက်တွေကို ဖော်ပြပေးချင်ပါတယ်။
၁။ Idea တစ်ခု ရှိထားရပါမယ်။ သေချာပါတယ်။ ကိုယ်ပိုင် စီးပွားရေး လုပ်မယ့်လူတစ်ယောက်အတွက် အနည်းဆုံး ခေါင်းထဲမှာ Idea တစ်ခုတော့ ရှိထားရပါမယ်။ လုပ်ငန်းအတွက် လိုအပ်ချက်တွေ ကြိုတင်သိရှိနိုင်ဖို့ အလုပ်နဲ့ဆိုင်တဲ့ Idea တွေ ရှိကို ရှိထားရပါမယ်။

၂။ ဖြစ်နိုင်ရဲ့လားဆိုတာ သေချာစဉ်းစားပါ။ ကိုယ်စဉ်းစားလိုက်တဲ့ Idea က တကယ့် လက်တွေ့မှာ အလုပ်ဖြစ်ပါ့မလားဆိုတာ သေချာဆုံးဖြတ်ပါ။ လုပ်ငန်းတစ်ခု မစတင်ခင်မှာ ကိုယ့်ဘက်က သေချာနေဖို့ လိုပါတယ်။

၃။ ထူးခြားမှု ရှိပါစေ။ မှန်ပါတယ်။ သင့် လုပ်ငန်း က အခြားသူတွေထက် တစ်ခုခု ထူးခြားကောင်းမွန်နေမှ အောင်မြင်မှာပါ။ ပြိုင်ဖက် လုပ်ငန်းတွေထက် ပိုမိုအောင်မြင်ချင်ရင် Idea တွေက ထူးခြားနေရပါမယ်။

၄။ Business Plan တစ်ခု ပြုလုပ်ပါ။ လုပ်ငန်းစတင်ဖို့ ကုန်ကျမယ့် ငွေကြေးပမာဏကို ကြိုတင်တွက်ချက်ပါ။ ထုတ်လုပ်စရိတ်၊ ပို့ဆောင်စရိတ်၊ အခွန်အခ ၊ အလုပ်သမားခ နဲ့ အလုပ်နေရာ ငှားရမ်းခ အစရှိတဲ့ အချက်တွေ ပါဝင်မှာဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံသူတွေကို ဖိတ်ခေါ်ဖို့နဲ့ ၊ အမြတ်ငွေ ကြိုတင်တွက်ချက်နိုင်ဖို့ အတွက် ကုန်ကျစရိတ်ကို သေချာသိရှိထားဖို့ လိုအပ်ပါတယ်။ စျေးကွက်အလားအလာကို သေချာဆုံးဖြတ်ပါ။ သင့်ဝန်ဆောင်မှုကို လိုလားတဲ့စျေးကွက် အရမ်းနည်းနေတယ်ဆိုရင် သင့် Idea ကို ပြန်လည် စဉ်းစားသင့်ပါပြီ။ အခက်အခဲ၊ အဟန့်အတားတွေကို သေချာသိအောင်လုပ်ပါ။ ကြံုတွေ့လာတဲ့ ပြသနာတွေကို ဖြေရှင်းဖို့အတွက် သင့်မှာ Plan တွေ ရှိထားသင့်ပါတယ်။

၅။ Marketing Plan တစ်ခု ဖန်တီးပါ။ လုပ်ငန်း ရဲ့ ဘက်ဂျက် ကို သေချာသိအောင် လုပ်ပါ။ လုပ်ငန်း ကြော်ငြာဖို့အတွက် Marketing ပိုင်းမှာ ငွေဘယ်လောက်ထိ သုံးမယ်ဆိုတာ ကြိုတင်သက်မှတ်ထားသင့်ပါတယ်။ ဘက်ဂျက်နဲ့ ကိုက်ညီတဲ့ Idea ကိုသာ အကောင်အထည်ဖော်ပါ။ လုပ်ငန်းရဲ့ ဘက်ဂျက်အရ Marketing ပိုင်းမှာ ငွေကြေးအလွန်အကျွံ အသုံးမပြုသင့်ပါဘူး။အခုချိန်မှာ Social Media တွေကို အသုံးပြုပြီး ငွေကြေးနည်းနည်းနဲ့ ထိရောက်မှုရှိအောင် ကြော်ငြာသင့်ပါတယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာ ကြော်ငြာမယ်ဆိုတာ သေချာဆုံးဖြတ်ပါ။ ကိုယ် Target ထားတဲ့ နေရာကို ထိထိရောက်ရောက် ကြော်ငြာနိုင်ဖို့ဆိုရင် လုပ်ငန်း နဲ့ ကိုက်ညီတဲ့ အချိန်တွေ နေရာတွေကို ကြိုတင်တွေးထားသင့်ပါတယ်။

၆။ ငွေကြေးရှာဖွေပါ။ လုပ်ငန်း ဆက်လက် လည်ပတ်နိုင်ဖို့အတွက် ငွေကြေးအရင်းအနှီး ရှာဖွေဖို့ လိုပါတယ်။ ဘဏ်ချေးငွေ ရယူခြင်း၊ ရင်းနှီးမြုပ်နှံမယ့်သူတွေ ရှာဖွေခြင်းနဲ့ အပေါင်းအသင်း ဆွေမျိုးတွေကို အကူအညီတောင်းခြင်းတွေက တစ်ဆင့် လိုအပ်တဲ့ ငွေကြေးကို ရှာဖွေနိုင်ပါတယ်။

၇။ Infrastructure တည်ဆောက်ပါ။ ရုံးခန်း တစ်ခု ဖန်တီးပါ။ လုပ်ငန်းလုပ်ကိုင်ပြီဆိုရင် ရုံးခန်းတစ်ခုတော့ လိုအပ်လာပါပြီ။ ဘက်ဂျက်အပေါ်မူတည်ပြီး တိကျတဲ့ နေရာလေးတစ်ခုမှာ ရုံးခန်းဖွင့်သင့်ပါတယ်။ နေရာအရမ်းကျဉ်းသည်ဖြစ်စေ၊ ဝန်ထမ်းမခန့်နိုင်သည်ဖြစ်စေ အရေးမကြီးပါဘူး။ အဓိကက သင့်လုပ်ငန်းအတွက် ရုံးခန်းအတည်တကျ ရှိဖို့ပဲ လိုတာပါ။ လုပ်ငန်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ပါ။ စက်ပစ္စည်း၊ Laptop ၊ တယ်လီဖုန်းနဲ့ အခြား လုပ်ငန်းနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ပစ္စည်းက အရမ်းစျေးကြီးနေရင် ငှားရမ်းသုံးစွဲတဲ့ နည်းလမ်းနဲ့ ဖြေရှင်းသင့်ပါတယ်။ တစ်ပတ်ရစ် ပစ္စည်းတွေကိုလဲ ရှာဖွေဝယ်ယူနိုင်ပါတယ်။ နေ့စဉ်မှတ်တမ်းတွေ ထားရှိပါ။ လုပ်ငန်းကို အဆင်ပြေပြေ လည်ပတ်နိုင်ဖို့ နေ့စဉ်မှတ်တမ်းတွေ ပြုလုပ်ထားသင့်ပါတယ်။ ဖိုင်တွေနဲ့ မှတ်သားထားနိုင်သလို Software အကူအညီနဲ့ digital records တွေ ဖန်တီးပြီး မှတ်သားထားနိုင်ပါသေးတယ်။

၈။ အမာခံ ဖောက်သည် တွေ ရှာဖွေပါ။ လုပ်ငန်းတစ်ခုအတွက် အရေးကြီးဆုံးက Customer တွေပါပဲ။ လုပ်ငန်းအစမှာ ဂွမ်းမသွားဖို့ လိုပါတယ်။ ဒါကြောင့် ဖန်တီးမှုကောင်းတဲ့ ကြော်ငြာတွေနဲ့ Customer တွေကို ဆွဲဆောင်ပါ။ ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်အောင် ကြိုးစားပါ။ ဝေဖန်မှုတွေကို လက်ခံပြီး၊ အားနည်းချက်တွေကို အမြန်ဆုံးပြင်ဆင်ပါ။ Customer Service ကောင်းကောင်းပေးနိုင်အောင် သေချာလေ့ကျင့်ထားပါ။ လုပ်ငန်းအတွက် ဝက်ဆိုက်တစ်ခု ဖန်တီးပါ။ အခုချိန်ဟာ အင်တာနက်ခေတ် ဖြစ်နေတဲ့အတွက် ဝက်ဆိုက်တစ်ခုတော့ ရှိထားသင့်ပါပြီ။ ဝက်ဆိုက် မှာ ဝန်ဆောင်မှု ကောင်းကောင်းပေးရင်း သင့် လုပ်ငန်း ကို အင်တာနက် မှတစ်ဆင့် တိုးချဲ့သွားသင့်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ထူထောင်လိုသူတွေအတွက် အခုဖော်ပြခဲ့တဲ့ အချက်တွေက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
Credit :Linn Linn Maung (Prospect Myanmar)

Leave a Reply